အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းနှင့် သတင်းအချက်အလက်များ ထုတ်ဖော် တင်ပြခြင်း

အစိုးရဌာနများ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း ရွှေသတ္တုတူးဖော် ရေးလုပ်ငန်းများ အများအပြားရှိရာ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် စဉ့်ကူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ အစီအစဉ်ဖြင့် ရွှေသတ္တုတူးဖော်ထုတ်လုပ်နေကြသော ကုမ္ပဏီ၊ အသင်းအဖွဲ့နှင့် လုပ်ငန်းရှင်များအား လစဉ်တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးမှုများတွင် ဒေသခံ ပြည်သူလူထု၏ နစ်နာချက်များ၊ စိုးရိမ်ပူပန်မှုများ တောင်းဆိုချက်များအား ညှိနှိုင်းဖြေရှင်းပေးခြင်းများ ဆောင်ရွက်ပါသည်။ ထွန်းရွှေစင်ကုမ္ပဏီအနေဖြင့် သက်ဆိုင်ရာစီမံကိန်းမန်နေဂျာမှ လစဉ်အစည်းအဝေးများ တက်ရောက်၍ မိမိစီမံကိန်းတည်ရှိရာ နယ်မြေဒေသအခြေအနေများအား ညှိနှိုင်းဆောင်ရွက်ပေး လျှက်ရှိပါ သည်။

စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ ဒေသခံများနှင့် တိုင်ပင်ဆွေးနွေးခြင်း

ထွန်းရွှေစင်သတ္တုတူးဖော်ရေးကုမ္ပဏီအနေဖြင့် ရွှေအသေးစားထုတ်လုပ်ရေး လုပ်ကွက် အမှတ် SGU-138(A)နှင့် ပတ်သက်၍ စီမံကိန်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများအား ဒေသခံပြည်သူ လူထုသိရှိရေး၊ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် လိုအပ်သော တွေ့ဆုံဆွေးနွေးမှု များကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(၂.၁.၂၀၁၈) ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအုပ်စု ပျဉ်းချောင်းရွာ၊ ပါပေါကျေးရွာ၊ ဝါးပိုးချပ်ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဒေသခံကျေးရွာသား(၃၀)ဦးခန့် တက်ရောက်ပြီး ကုမ္ပဏီဘက်မှ ကုမ္ပဏီမန်နေဂျာ ဦးလှမြင့်၊ ဦးနေမျိုးဦးနှင့် တာဝန်ရှိသူဝန်ထမ်း(၈)ဦးခန့် တက်ရောက်သော တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ခဲ့ ပါသည်။ တွေ့ဆုံပွဲတွင် မန်နေဂျာ ဦးလှမြင့်မှ ယခုထွန်းရွှေစင်ကုမ္ပဏီ လုပ်ဆောင်နေသော အသေးစား ရွှေတူးဖော်ရေးလုပ်ကွက်အမှတ် SGU-138(A) သည် လွန်ခဲ့သော (၄) နှစ်မှ စ၍ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ လုပ်ကိုင်ခွင့်ရယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် မြေအောက်တူးဖော်ခြင်းစနစ်ဖြင့် လှိုဏ်ခေါင်း(Tunnel)တူးဖော်ဆောင်ရွက် ထားခဲ့ကြောင်း၊ ရွှေသတ္တုကြော တွေ့ရှိမှုပေါ် မူတည်၍ နောက်ပိုင်းတွင် အစောင်းဆင်းတွင်း (Incline Shaft)ဖြင့် တူးဖော်သွားရန် ရည်မှန်းထားကြောင်း၊ အကြို တည်ဆောက်ခြင်း၊ တည်ဆောက်ခြင်းကာလ (၃)နှစ်ခန့် ဆောင်ရွက်ပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ကျွမ်းကျင်လုပ်သားအခက်အခဲများကြောင့် လုပ်ငန်းများ ယာယီရပ်နားထားခဲ့ရကြောင်း၊ ယခုနှစ်တွင် စတုတ္ထအကြိမ် သက်တမ်းတိုးမြှင့်ဆောင်ရွက်ပြီး တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် မြေအောက်တူးဖော်ခြင်းစနစ်ကို အသုံးပြုဆောင်ရွက်သောကြောင့် မြေပေါ်/မြေအောက် မြေအရည်အသွေး၊ ရေအရည်အသွေး၊ လေအရည်အသွေး၊ ဆူညံသံ၊ တုန်ခါမှုစသည့် သက်ရောက်မှုများ နည်းပါးမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် စီမံကိန်း လုပ်ငန်းများ၏ထုံးစံအရ အနည်းအကျဉ်း သက်ရောက်မှုများရှိလာ လျှင်လည်း၊ လျှော့ချစေမည့် အစီအမံများ စီစဉ်ထားရှိမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ကျေးရွာသူ၊ ကျေးရွာသား၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သောကြောင့် လိုအပ်ချက်နှင့် အခက်အခဲများ ရှိပါကလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ပါကြောင်း၊ ဒေသခံများအနေဖြင့် လက်လုပ် လက်စားတူးဖော်နေသော ကိုယ်ပိုင်အင်းငယ်များရှိသည်ကို သိရှိပါကြောင်း၊ ကုမ္ပဏီ ဧရိယာကို လွတ်ကင်းအောင် ဆောင်ရွက်စေလိုပါကြောင်း၊ အောက်ခြေမှ လုပ်သားများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ မရှိစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ပျဉ်းချောင်းကျေးရွာမှ ရာအိမ်မှူးဦးအောင်တင်မိုးမှ ဆွေးနွေးရာတွင် ထွန်းရွှေစင်ကုမ္ပဏီ အနေဖြင့် ယခင်က ပါပေါကျေးရွာအနီး ရွှေလုပ်ကွက်SGU-51(A,B)ကိုလည်း တူးဖော်ဆောင်ရွက် ခဲ့ဘူးသဖြင့် ကုမ္ပဏီဝန်ထမ်းများနှင့် ကျေးရွာလူထုမှာရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သလို ကုမ္ပဏီမှ ရွာသားများသို့ အလုပ်အကိုင်များ များစွာပေးနိုင်ခဲ့ပါကြောင်း၊ ယခုလို ကုမ္ပဏီလုပ်ငန်း ပြန်လည်စတင်ဆောင်ရွက်မည့် အစီအစဉ်ကိုလည်း ဝမ်းသာစွာကြိုဆိုပါကြောင်း၊ ကုမ္ပဏီ လုပ်ကွက်ဧရိယာနှင့် ကျေးရွာများမှာ(၃)မိုင်ခန့်ကွာဝေးခြင်း၊ မြေအောက်တူးဖော်မှုစနစ်ဖြင့် ဆောင်ရွက်ခြင်းတို့ကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိနိုင်ကြောင်းကို ဆွေးနွေးပါသည်။

ဝါးပိုးချပ်ကျေးရွာမှ ရာအိမ်မှူးဦးမောင်မှ ဆွေးနွေးရာတွင် ယခုအခါ ဝါးပိုးချပ် ကျေးရွာအနီးရှိ အခြားကုမ္ပဏီရွှေလုပ်ကွက်များမှာ ရပ်နားထားကြောင်း၊ ကုမ္ပဏီများ၏ ပံ့ပိုးကူညီမှုမရှိသဖြင့် ကျေးရွာခြင်းဆက်လမ်းများ၊ လက်ပံလှ-နတ်တောင်သို့ သွားသောလမ်း များမှာ ဆိုးရွားစွာ ပျက်စီးမှု ဖြစ်နေကြောင်း၊ ထွန်းရွှေစင်ကုမ္ပဏီအနေဖြင့် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်မည်ဆိုပါက လမ်းပြုပြင်မှုများရှိလာမည်ဖြစ်၍ ဝမ်းသာစွာကြိုဆိုပါကြောင်း၊ ပျဉ်းချောင်း/ ဝါးပိုးချပ်ဒေသသည် ဖွံ့ဖြိုးမှု နည်းပါးသော ဒေသဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးများကို ဝိုင်းဝန်းပံ့ပိုးပေးစေလိုကြောင်း၊ ကုမ္ပဏီလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်လည်း မျှော်လင့်ပါကြောင်း ဆွေးနွေးပါသည်။

ထွန်းရွှေစင်ကုမ္ပဏီမှ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးထားခဲ့သည့် အစည်းအဝေး တည်နေရာကို စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအုပ်စု၊ ပါပေါကျေးရွာရှိ ကုမ္ပဏီအခြေ စိုက်စခန်း (Latitude 22º 36′ 11” N and Longitude 96º 10′ 48” E) တွင် ပြုလုပ်ခဲ့ပြီး အစည်း အဝေးမှတ်တမ်းဓါတ်ပုံများနှင့် အစည်းအဝေးတက်ရောက်မှတ်တမ်းများကို နောက်ဆက်တွဲ () တွင် ဖော်ပြထားပါသည်။

(၂၃.၁၁.၂၀၁၈) ရက်နေ့ နောက်ပိုင်းတွင် လုပ်ကွက်ရပ်နားထားရသောကြောင့် တွေ့ဆုံ ဆွေးနွေးပွဲများ မပြုလုပ်နိုင်ခဲ့ပါ။

အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းမှရလာဒ်များ

ထွန်းရွှေစင်ကုမ္ပဏီအနေဖြင့် အများပြည်သူနှင့် လည်းကောင်း၊ ဒေသခံအုပ်ချုပ်ရေး အဖွဲ့များနှင့်လည်းကောင်း အစဉ်အမြဲထိတွေ့ဆက်ဆံ ဆွေးနွေးမှုများကြောင့် အခြားစီမံကိန်း ဒေသများတွင် ဒေသခံကျေးရွာပြည်သူလူထု၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ကုမ္ပဏီ အနေဖြင့် ဒေသတွင်းအများပြည်သူနှင့် ပြဿနာများဖြစ်ပွားခဲ့ခြင်းမရှိဘဲ အဆင်ပြေစွာ ဆက်ဆံဆောင်ရွက်နိုင်ခဲ့ပါသည်။

ဆက်လက်ဆောင်ရွက်မည့် တိုင်ပင်ဆွေးနွေးမှုများ

စီမံကိန်းကာလအတွင်း ဒေသခံပြည်သူများနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး အကြံပြုခြင်းနှင့် လိုအပ်ချက်များ တိုင်ပင်ဆွေးနွေးမှုများ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို (၃)လလျှင် (၁)ကြိမ် ဆက်လက် ဆွေးနွေး လုပ်ဆောင်သွားပါမည်။

သတင်းအချက်အလက်ထုတ်ဖော်ချက်

ထွန်းရွှေစင်ကုမ္ပဏီမှ ရွှေသတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော လုပ်ကွက်ဧရိယာတွင် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ဒေသခံရွာသူ/ ရွာသားများအား သိရှိနားလည်ရန် လုပ်ကွက်သို့ဖိတ်ခေါ်ပြသရှင်းလင်းခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရန် ကုမ္ပဏီမှဆောင်ရွက်ပြီး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား အသိပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အခါအားလျော်စွာ နယ်သတင်းထောက်နှင့် မီဒီယာများအား တာဝန်ယူဖိတ်ခေါ်၍ သတင်းအချက်အလက်များ ပေးကာထုတ်ပြန်သွားမည် ဖြစ်ပါသည်။ စီမံကိန်းလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီပွား လိုအပ်ချက်များကို လိုက်နာရေးအတွက် ထိန်းကွပ်ရန်နှင့် သတ်မှတ် ဆုံးဖြတ်ရန် လည်းကောင်း၊ လုပ်ထုံးလုပ်နည်းအရ စီမံကိန်းနှင့်ဆက်စပ်သောလှုပ်ရှား ဆောင်ရွက်မှုများအား စောင့်ကြပ် ကြည့်ရှုစစ်ဆေးရန် အောက်ဖော်ပြပါပုဂ္ဂိုလ်များနှင့် (၃)လတစ်ကြိမ် တွေ့ဆုံတင်ပြ ဆောင်ရွက် သွားပါမည်-

  • ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ စဉ့်ကူးမြို့နယ်၊
  • အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ ကိုယ်စားလှယ်၊ စဉ့်ကူးမြို့နယ်၊
  • မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်၊၊
  • ဦးစီးအရာရှိ၊ မြို့နယ်သစ်တောဦးစီးဌာန၊ စဉ့်ကူးမြို့နယ်။

ပျက်ကွက်မှု တစ်ခုခုကြောင့် အန္တရာယ်ဖြစ်စေနိုင်သော ပတ်ဝန်းကျင်အပေါ်သက်ရောက်မှု ဖြစ်လာ နိုင်သည့်ကိစ္စ (သို့မဟုတ်) ဝန်ကြီးဌာနက အမြန်သိရှိရန် လိုအပ်သည့်ကိစ္စကို (၂၄) နာရီအတွင်း လည်းကောင်း၊ ယင်းဖြစ်စဉ်ဖြစ်ရပ်ကို စတင်သိရှိသည့်အချိန်မှ (၇)ရက်အတွင်း လည်းကောင်း၊ ဝန်ကြီးဌာနသို့ အမြန်ဆုံးအသိပေးတင်ပြပါမည်။

အဆိုပါစီမံကိန်းလုပ်ကွက်အတွက် ရေးဆွဲထားသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) တို့ကို အများပြည်သူမှ အလွယ်တကူသိစေရန် ကုမ္ပဏီ၏ (Website) ဖြစ်သော www.hss-mining.com တွင် အသိပေးကြေငြာသွားမည် ဖြစ်ပါသည်။