လုပ်ငန်းခွင် ဘေးအန္တရာယ်ကာကွယ်ရေး အစီအစဉ်
ဘေးအန္တရာယ်ကာကွယ်ရေး အစီအစဉ် (Prevention Plan)
အကြိုတည်ဆောက်ခြင်း၊ တည်ဆောက်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းစသော စီမံကိန်း လုပ်ငန်းအဆင့်ဆင့်တွင် ဘေးအန္တရာယ်ဖြစ်ပေါ်စေတတ်သောအရာများမှာ ရေကြီးခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မီးလောင်ကျွမ်းခြင်း၊ မြေအောက်လှိုဏ်ပြိုခြင်းနှင့် မြေပေါ် လုပ်ငန်းများတွင် မြေပြိုခြင်းများ၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှု အန္တရာယ်များ ကြုံတွေ့နိုင် ပါသည်။ သတ္တုတွင်း၌ ဘေးအန္တရာယ် ကင်းရှင်းရန်နှင့် မတော်တဆဖြစ်ပွားမှုများ ကာကွယ်ရန် စီမံဆောင်ရွက်ရန်နှင့် ပတ်သက်၍ မြန်မာ့သတ္တုတွင်း နည်းဥပဒေ များ(၂၀၁၈)အခန်း(၂၈)၊ ပုဒ်မ ၁၇၆၊ ၁၇၇၊ ၁၇၈၊ ၁၇၉၊ ၁၈၀၊ ၁၈၁ ပါ ပုဒ်မခွဲများအတိုင်း လိုက်နာ ဆောင်ရွက်ပါမည်။ အောက်ဖော်ပြပါ အချက်များပါဝင်သော ဘေးအန္တရာယ်ကာကွယ်ရေး စီမံချက်အား ရေးဆွဲ ထားရှိ ဆောင်ရွက်ပါမည် –
ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ရမည့် အဆင့်(၁၀)ဆင့်
အဆင့် – ၁ ပါ၀င်ရမည့်သူများ၏ အဆင့်နှင့် တာဝန်သတ်မှတ်ချက် |
အဆင့် – ၂ ပြင်ပလုပ်ငန်းများ၏ လုံခြုံမှုအစီအမံများ လေ့လာခြင်း |
အဆင့် – ၃ လက်ရှိကျင့်သုံးနေသော လုံခြုံမှုအစီအမံများကို ပြန်လည်စစ်ဆေးလေ့လာသုံးသပ်ခြင်း |
အဆင့် – ၄ ဆောင်ရွက်ရမည့် ဌာနခွဲအလိုက် တာဝန်များခွဲခြား သတ်မှတ်ခြင်း |
အဆင့် – ၅ ရည်မှန်းချက်တာဝန်အရ လိုအပ်သောအထောက်အကူပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ခြင်း |
အဆင့် – ၆ ဌာနခွဲများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း၍ နောက်ဆုံးအဆင့် သဘောတူညီချက်ရယူခြင်း |
အဆင့် – ၇ နောက်ဆုံးအဆင့် စီမံချက်ရေးဆွဲခြင်းနှင့် ကုမ္ပဏီရုံးချုပ်၏ အတည်ပြုချက် ရယူခြင်း |
အဆင့် – ၈ စမ်းသပ်အသုံးပြုခြင်း၊ ပြန်လည်သုံးသပ်ခြင်း နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် ရေးဆွဲခြင်း |
အဆင့် – ၉ သက်ဆိုင်ရာလူထုအဖွဲ့အစည်းများ၊ ကုမ္ပဏီဝန်ထမ်းများ ပါ၀င်သော ပညာပေးအစီအစဉ်ဆောင်ရွက်ခြင်း |
အဆင့် – ၁၀ လုပ်ငန်းခွင်နှင့် သက်ဆိုင်သူများအားလုံး ပညာပေးလေ့ကျင့်ခြင်း |
လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေး လေ့ကျင့်သင်ကြားမှုအစီအစဉ်
ထွန်းရွှေစင် ကုမ္ပဏီလီမိတက်အနေဖြင့် စီမံကိန်းလုပ်ငန်းခွင်များတွင် လိုက်နာရမည့် စည်းကမ်းများနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက လိုက်နာရမည့် စည်းကမ်းများအား ချမှတ် ဆောင်ရွက် ထားပါသည်။ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေးအတွက် လုပ်ငန်းခွင် အတွင်းဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်ရှိသောလုပ်ငန်းများအား လစဉ်ဝတ်စုံပြည့်ဝတ် ဆင်ကာ အတွေ့အကြုံရှိသော သင်တန်းဆရာများမှတဆင့် လေ့ကျင့်သင်ကြားပေးခြင်း အစီအစဉ်များအား ချမှတ်ဆောင်ရွက်ပါမည်။ ၎င်းအပြင် အခါအားလျော်စွာ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများအား တက်ရောက်သင်ကြားစေရေး စီမံဆောင်ရွက်သွားပါမည်။ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရင်ဆိုင်နိုင်ရန် အောက်ဖော်ပြပါ ဆောင်ပုဒ်ထားရှိ ဖြန့်ဝေသွားပါမည်-
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအစီအစဉ်အရ ကြိုတင်စီမံဆောင်ရွက်ခြင်း၊ ကြီးကြပ် စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အဖွဲ့အား အောက်ပါ အတိုင်းဖွဲ့စည်းထားပါသည်-
- အုပ်ချုပ်မှုဒါရိုက်တာ အဖွဲ့ခေါင်းဆောင်
- ကျေးရွာအုပ်ချုပ်ရေးမှူး ဒု-အဖွဲ့ခေါင်းဆောင်
- မန်နေဂျာ အဖွဲ့ဝင်
- ကျန်းမာရေးမှူး အဖွဲ့ဝင်
- ကြီးကြပ်ရေးမှူးများအားလုံး အဖွဲ့ဝင်
- ကျင်းဆရာ အဖွဲ့ဝင်
- ဒါရိုက်တာ အတွင်းရေးမှူး
မီးဘေးအန္တရာယ်ကျရောက်ပါက ဆောင်ရွက်မည့် အစီအစဉ်နှင့် ကြိုတင် ဆောင်ရွက် ထားရှိမှုများ
မီးလောင်ကျွမ်းခြင်းတွင် တောမီးလောင်ကျွမ်းခြင်းနှင့် လူတို့ပေါ့ဆမှုကြောင့် မီးလောင် ကျွမ်းခြင်းဟူ၍ (၂)မျိုးဖြစ်နိုင်ပါသည်။
စီမံကိန်းဧရိယာအတွင်း တောမီးမှကူးစက်လောင်ကျွမ်းနိုင်သောအခြေအနေ ရှိသဖြင့် စီမံကိန်း ဧရိယာနှင့် အခြေစိုက်စခန်းအတွင်းရှိ ရုံးအဆောက်အဦ၊ ဝန်ထမ်းအိမ်ယာများ၊ ဂိုဒေါင်များ၊ စက်သုံးဆီ သိုလှောင်ရုံများ၊ အထွေထွေစတိုများ၊ စားသောက်ဆောင်များတွင် မီးတားလမ်းများကို သတ်မှတ် ဧရိယာမှ (၂၅)ပေအကျယ် ဖောက်လုပ်ထားရှိပါမည်။
ထို့ပြင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးချိတ်၊ မီးကပ်၊ ရေပုံးများ၊ ရေလှောင် ကန်၊ သဲအိတ်များနှင့် မီသတ်ဆေးဗူးကြီးများအား အလုံအလောက် ထားရှိပေး ခြင်းများ ဆောင်ရွက်ထားပါမည်။ လောင်စာဆီအသုံးပြုသူများနှင့် စားဖိုဆောင်ဝန်ထမ်းများ အား ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရန် စောင့်ကြပ်ကြည့်ရှု့ရေး အဖွဲ့များမှ အမြဲမပြတ်စစ်ဆေးပေးခြင်းဖြင့်လည်း ကြိုတင်ကာကွယ် ဆောင်ရွက်သွားပါမည်။ မီးဘေးကြိုတင်ကာကွယ်ရေးအဖွဲ့ဝင်များ၏ တာဝန်နှင့် ဝတ္တရားများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
- တောမီးလောင်ကျွမ်းမှု ရှိ/မရှိအား သတိထားစောင့်ကြည့်ရန်၊
- လျှပ်စစ်မီးများ၊ လျှပ်စစ်အသုံးအဆောင်များ၊ လျှပ်စစ်ဝါယာကြိုးများ သုံးစွဲ မှုအား စစ်ဆေးခြင်း၊ သတိပေးခြင်း၊ ပညာပေးခြင်းများဆောင်ရွက်ရန်၊
- စီမံကိန်းအတွင်းရှိ အဆောက်အဦများအား နေ့စဉ်စစ်ဆေးပြီး မှတ်တမ်းများ ထားရှိရန်၊
- ပေါ့ဆမီးများကြောင့် မီးလောင်ကျွမ်းမှုမရှိစေရေးအတွက် နေ့စဉ်သတိပေး စစ်ဆေး ကြပ်မတ်မှုများ ဆောင်ရွက်ရန်၊
- မီးဘေးအန္တရာယ်သတိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထားရန်၊
- လောင်စာဆီသိုလှောင်ရုံများအား နေ့စဉ်စစ်ဆေးပြီး ဆီသိုလှောင်ရုံဧရိယာ တွင် ဆေးလိပ်သောက်ခြင်းအား တင်းကြပ်စွာတားမြစ်ရန် အစီအမံများ ထားရှိဆောင် ရွက်သွားပါမည်။
စီမံကိန်းဧရိယာအတွင်း တောမီးကူးစက်လောင်ကျွမ်းခြင်းနှင့် လူတို့၏ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှုများဖြစ်ပေါ်လာပါကလည်း အရေးပေါ်မီးငြိမ်းသတ်နိုင်ရန် စနစ်တကျဖွဲ့စည်း ထားသော မီးဘေး အန္တရာယ်တားဆီးရေးအဖွဲ့မှ ဦးဆောင်ပြီး ဝန်ထမ်းများအားလုံးပါဝင်စေ၍ ဆောင်ရွက်မည်ဖြစ်ပါသည်။
စီမံကိန်းဧရိယာအတွင်းရှိ အဆောက်အဦများ မီးလန့်မှုများ ဖြစ်ပေါ်လာပါက အဆိုပါ ဧရိယာ အတွင်းရှိ ရေလှောင်ကန်များမှ ရေကိုရေစုပ်စက်များဖြင့် သွယ်ယူပက်ဖျန်းခြင်း၊ မီးချိတ်၊ မီးကပ်များ အသုံးပြု၍ မီးလောင်လွယ်သော အရာများအား ဖယ်ရှားရှင်းလင်းခြင်း၊ သဲအိတ်နှင့် ရေပုံးများ အသုံးပြု၍ ပက်ဖျန်းငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးကြီးများဖြင့် ပက်ဖျန်းငြိမ်းသတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ကာကွယ်ရန် စီမံဆောင်ရွက်ခြင်း
ထွန်းရွှေစင်ကုမ္ပဏီလီမိတက်အနေဖြင့် လုပ်ကွက်ဧရိယာအတွင်း မုန်တိုင်းအန္တရာယ် ကျရောက် လာပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် အောက်ပါအချက်များအား ကြိုတင် ပြင်ဆင်ထားရှိပါမည်-
- နေ့စဉ်မိုးလေဝသတင်းများကို အချိန်နှင့်တပြေးညီ ဂရုပြုနားထောင်စေခြင်း၊
- အဆောက်အဦနှင့် မျောကျင်းများ၏ ကြံ့ခိုင်မှုအခြေအနေ စစ်ဆေးဆောင်ရွက်ခြင်း၊
- အရေးကြီးပစ္စည်းများ ရေတက်လျှင် လွတ်နိုင်သည့် နေရာ၌ ထားရှိခြင်း၊
- အရေးကြီးစာရွက်စာတမ်းများအား ရေမစိုနိုင်စေရန် ပလတ်စတစ်ဖြင့် လုံခြုံစွာ ထုပ်ပိုးသိမ်း ဆည်းထားခြင်း၊
- အဝတ်အစား၊ အစားအသောက်၊ ရေသန့်၊ ဆေးဝါး၊ ဓာတ်မီး၊ မီးခြစ်၊ ဖယောင်းတိုင်စသည့် ပစ္စည်းများ အသင့်ဆောင်ထားခြင်း၊ လုံခြုံစိတ်ချရသော နေရာများသို အချိန်မီ ပြောင်းရွှေ့ နိုင်ရန် စီစဉ်ထားခြင်း၊
- သယ်ယူပို့ဆောင်သွားလာရေးအတွက် ယာဉ်၊ စက်သုံးဆီများ ကြိုတင်စီစဉ် ထားခြင်း၊
- သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊
- မွေးမြူထားသော တိရစ္ဆာန်များအား လုံခြုံရာ ကုန်းမြင့်သို့ ရွှေ့ပြောင်းနိုင်ရန် စီစဉ်ထားခြင်း၊
- ကမ်းပါးပြိုနိုင်သည့် နေရာများသို့ သွားလာခြင်းမှ ရှောင်ရှားစေခြင်း၊
ငလျင်ဘေးအန္တရာယ်လျော့နည်းစေရန် စီမံဆောင်ရွက်ထားခြင်း
စီမံကိန်းဆောင်ရွက်မည့်ဒေသသည် ငလျင်လှုတ်ခတ်လေ့ရှိသော နေရာဖြစ်သော ကြောင့် အချိန်မရွေး ငလျင်လှုပ်ခတ်နိုင်ပါသည်။ ငလျင်ကိုကြိုတင်ခန့်မှန်းနိုင်သော နည်းလမ်း များကို ရှာဖွေနိုင်ခြင်း မရှိသေးပါ။ ငလျင်ကြောင့် ပျက်စီးမှုများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်၍ရနိုင်ပါသည်။ ထို့ကြောင့်ကြိုတင်ပြင်ဆင်ခြင်းတို့ဖြင့်သာ ငလျင်ကြောင့်ဖြစ် သော ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေပြီး အသက်များနှင့် ဥစ္စာပစ္စည်းများကို ကယ်တင်နိုင် မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ကုမ္ပဏီအနေဖြင့် ငလျင်ဘေးအန္တရာယ် ကျရောက်ပါက ဆောင်ရွက်ရမည့်အချက်များနှင့် ကြိုတင်ပြင်ဆင်ထားရှိရမည့် လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း ချမှတ်ဆောင်ရွက်လျက်ရှိပါသည်-
- အဆောက်အဦနှင့် လုပ်ကွက်ဧရိယာအတွင်း လုံခြုံသောနေရာအား ရှာဖွေထား ခြင်းနှင့် အန္တရာယ်ရှိသောနေရာအား ရှာဖွေထားရှိပြီး ငလျင်လှုပ်ပါက ရှောင်ရှား စေခြင်း၊
- လုံခြုံသော နေရာသို့ဝင်ရန်၊ အကာအကွယ်ယူရန်၊ ဆွဲကိုင်ထားရန် လေ့ကျင့်ထား ခြင်း၊
- ငလျင်အသိပညာပေးဆောင်ရွက်ခြင်း၊
- ထွက်ပြေးရန် လမ်းကြောင်းနှင့် အရံထွက်လမ်းများ လေ့လာသတ်မှတ်ခြင်း၊ ထွက်ပေါက် သေချာမှု ရှိ/မရှိ၊ ပိတ်ဆို့မှု ရှိ/မရှိ စစ်ဆေးခြင်း၊
- ရေ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီး အရေးပေါ် ဖြတ်တောက်နိုင်မည့် နေရာများ ရှာဖွေ ပြောပြ ထားခြင်း၊
- ဝန်ထမ်းများအား ရှေးဦးသူနာပြုစုနည်းများ လေ့လာသင်ယူစေခြင်း၊
- အရေးပေါ် အခြေအနေတွင် ဆက်သွယ်ရန်စနစ်များ၊ နည်းလမ်းများ ရေးဆွဲစီစဉ် ထားခြင်း။
ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရန် ဖြန့်ဝေအသိပညားပေးမည့် လက်ကမ်းစာစောင်
အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းစီမံချက်
- အရေးပေါ်အခြေအနေ အချက်ပေးမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဝန်ထမ်း၊ လုပ်သား အားလုံး အနီးဆုံးဆက်သွယ်ရေးကိရိယာရှိရာနေရာသို့ စုစည်းသွားရောက်နိုင်စေရန် စီမံထားပါမည်၊
- ဝန်ထမ်း၊ လုပ်သားအားလုံး မြေထု၊ ရေထု၊ လေထု ညစ်ညမ်းခြင်း လက္ခဏာများ၊ အနံ့အသက်၊ အငွေ့စသည်တို့ကို ကြိုတင်ရှင်းလင်းအသိပေးထားခြင်းနှင့် မြေအောက် တွင် ထူးခြားသောအနံ့အသက်များရရှိပါက ချက်ခြင်းသတင်းပို့ ဆောင်ရွက်စေပါမည်၊
- ဆင့်ကဲဆင့်ကဲ သတင်းပို့စနစ်နှင့် အချက်ပြစနစ်များအား ကြိုတင်ရှင်းလင်းသင်ကြား လေ့ကျင့်ပေးထားပါမည်၊
- လုပ်ငန်းခွင် ဘေးအန္တရာယ်ရှိသောနေရာ၊ ဌာနမှဝန်ထမ်း/လုပ်သားများ အမြန်ဆုံးထွက်ခွာ စေခြင်း၊ လုံခြုံဘေးကင်းသောနေရာသို့ အမြန်ဆုံးရောက်ရှိစေရေး သတိပေးချက်နှင့် အချက်ပြစနစ်များ တပ်ဆင်ခြင်း၊ ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ပါမည်၊
- ကြိုတင်သတ်မှတ် ဖွဲ့စည်းထားသော တုံ့ပြန်ရေးအဖွဲ့များ (Emergency Response groups) မှ သတ်မှတ်နေရာအလိုက် စုစည်းခြင်း၊ သက်ဆိုင်ရာအပိုင်းလိုက် တုံ့ပြန် ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ (ဥပမာ- မီးငြိမ်းသတ်ရေးအဖွဲ့၊ ပစ္စည်း ရွှေ့ပြောင်းရေးအဖွဲ့၊ လုံခြုံရေး အဖွဲ့၊ သူနာပြု အဖွဲ့)
- အဆိပ်အတောက်ဖြစ်စေမည့် ဓာတုဗေဒ၊ ပိုးမွှား ပျော်ဝင်ပစ္စည်းများ ပျံ့နှံ့ ဝင်ရောက် ခြင်း ရှိ/မရှိ စမ်းသပ်စစ်ဆေးသည့်ကိရိယာ (Rapid Test Kits)များ အသင့်ထား ရှိခြင်း၊
- မြေအောက်တွင် ထူးခြားသော အနံ့အသက်များရရှိပါက ချက်ခြင်းသတင်းပို့ ဆောင်ရွက် စေပါမည်၊
- ရေသန့်နှင့် အစားအသောက်များ အချိန်မီထောက်ပံ့ ဖြည့်တင်းနိုင်မည့် အစီအစဉ်များ ဆောင်ရွက် ထားခြင်း၊
- နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သော ဖြစ်ရပ်များအတွက် ကြိုတင်စဉ်းစားသုံးသပ်ကာ ရှင်းလင်းရေး အစီအစဉ်များအား ရေတို/ ရေရှည် စီမံဆောင်ရွက်သွားခြင်း။
အန္တရာယ်ရှိစေသောပစ္စည်းများ ကိုင်တွယ်ဆောင်ရွက်ခြင်း နည်းလမ်းများ
- စီမံကိန်းဧရိယာအတွင်း ဘေးအန္တရာယ်ဖြစ်စေမည့် ပစ္စည်းများအား ကြိုတင်သတ်မှတ် အသိပေးထားခြင်း၊
- မည်သည့်ပစ္စည်းအတွက် မည်သူက အဓိကတာဝန်ရှိသူ ဖြစ်ကြောင်း ကြိုတင်သတ်မှတ် ပေးထားခြင်း၊
- အန္တရာယ်ရှိပစ္စည်းများ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊
- စွန့်ပစ်ခြင်းပြုလုပ်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်တွင် မည်မျှသက်ရောက်မှု ရှိနိုင်ကြောင်း ရှင်းလင်းအသိပေးထားခြင်း၊
- လိုအပ်ချက်၏ အနည်းဆုံးပမာဏကိုသာ အသုံးပြုခြင်းဖြစ်အောင် စီမံဆောင်ရွက်ခြင်း၊
- ကြိုတင်သိရှိနိုင်သော အာရုံခံစနစ်များတပ်ဆင်ထားသည့် သိုလှောင်ရုံများတည်ဆောက် သိမ်းဆည်းထားခြင်း၊
- လုပ်ငန်းခွင်မှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ရာတွင် သဘာဝပတ်ဝန်းကျင် အပေါ် ထိခိုက်မှုမရှိစေရေး၊ ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများအသုံးပြု ဆောင်ရွက်ခြင်း၊
- မမျှော်မှန်းနိုင်သော မတော်တဆမှုဖြစ်စဉ်ဖြစ်ရပ််များ ဖြစ်ပေါ်လာပါက သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကိုလျှော့ချပေးနိုင်မည့် တုန့်ပြန်မှုအစီအမံများ စီမံကိန်းလုပ်ငန်းခွင် အတွင်း ရှင်းလင်း လွယ်ကူစွာ စီမံထားရှိခြင်း၊
- နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးသက်ရောက်မှုများအား ရှောင်လွှဲနိုင်မည့် စောင့်ကြပ် ကြည့်ရှုရေးနှင့် စုံစမ်းရေး အစီအစဉ်များ ထားရှိခြင်း၊
- စီမံကိန်းနှင့် အလားတူ လုပ်ငန်းများ၏ ပြည်တွင်း/ပြည်ပ ဖြစ်စဉ်ဖြစ်ရပ်များကို မှတ်တမ်းတင် ထားရှိခြင်း၊ လေ့လာသုံးသပ်ခြင်းနှင့် အလားတူဖြစ်ပေါ်နိုင်သော အန္တရာယ်များကို ကြိုတင် မှန်းဆရှောင်လွှဲခြင်း။
လုပ်ငန်းခွင် ဘေးအန္တရာယ် ကာကွယ်ခြင်း ဆောင်ရွက်မှုများ
Winch ဆွဲကြိုးကြောင့် မတော်တဆ အန္တရာယ် မဖြစ်စေရေးအတွက် Winch မောင်းသူသည် Winch ကြိုးကြံ့ခိုင်မှုကို အမြဲတစေ စစ်ဆေးခြင်းနှင့် တာဝန် ထမ်းဆောင်နေစဉ် ထမ်းဆောင်သူ၏ စိတ်ရောကိုယ်ပါ လုပ်ငန်းထဲ အချိန်ပြည့်ထား၍ စိတ်ဝင်စားစွာ တာဝန်ထမ်းဆောင်စေပါသည်။ အရှိန်ထိမ်း ဂီယာစနစ်ဖြင့် ဘရိတ်များ ကောင်း/ မကောင်းကို လုပ်ငန်းမစတင်မီ ကြိုတင် စမ်းသပ် မောင်းနှင်စေပါမည်။ ယင်းအစိတ်အပိုင်းများ ပုံမှန်အလုပ်လုပ်နိုင်စေရန် စက်မှုကျွမ်းကျင်သူများမှ ပုံမှန် စစ်ဆေး၍ ကြံ့ခိုင်ရေး ပြုလုပ်စေပါမည်။ မြေစာပုံးများနှင့်အခြား သယ်ယူပစ္စည်းများ အတင်/အချ ပြုလုပ်ရာတွင် အလိုအလျှောက် အသံမြည်အချက်ပေးသော စနစ်များ တပ်ဆင်အသုံးပြု၍ လုံခြုံစိတ်ချအောင် ဆောင်ရွက်သွားပါမည်။
မြေပြိုခြင်းကြောင့် မတော်တဆထိခိုက်မှု မရှိစေရေးအတွက် မိမိလုပ်ကိုင်နေသော မြေအမျိုး အစား၊ ကျောက်အမျိုးအစား၊ တည်ငြိမ်မှု အားနည်းသော/ ကောင်းမွန်သော စသည့် အချက်များကို ခွဲခြားလေ့လာနိုင်သည့် တတ်ကျွမ်းသော ပညာရှင်များကို အနီးကပ် ကြီးကြပ်စေပါမည်။ မြေအမျိုးအစားအလိုက် လိုအပ်သောအထိန်းအထောက်များ တပ်ဆင် စေပါမည်။ တပ်ဆင်ထားသော သစ်သားထောက်များ၊ အကာများ (Side Lagging) နှင့် အမိုး (Roofing) များ၏ အခြေအနေကို အမြဲ လေ့လာ စစ်ဆေးကြည့်ရှုစေပါမည်။
လေနှင့် အလင်းရောင် မလုံလောက်မှုကြောင့် မတော်တဆထိခိုက်မှု မရှိစေရေး အတွက် မြေပေါ်မှ အထောက်အပံ့ပစ္စည်းများ မဖြစ်မနေလိုအပ်ပါသည်။ မြေအောက်သို့ လုပ်ငန်းများ တစ်ဆထက် တစ်ဆတိုးချဲ့ကျယ်ပြန့်၍ နက်လာသည်နှင့်အမျှ လေနှင့် အလင်းရောင် ပို၍ပို၍လိုအပ်လာပါမည်။ စနစ်တကျတူးဖောက်ထားသော ပင်မ လှိုဏ်ဂူမှ တစ်ဆင့် လုပ်ကွက်များသို့ သဘာဝလေဖိအားစနစ် (Atmospheric Pressure) ဖြင့် သဘာဝလေရရှိနိုင်အောင် လေပေးလှိုဏ်ဂူများ၊ ဆန်တွင်းများ (Raises) ဖောက်ခြင်းပြုလုပ် ပါမည်။ သဘာဝလေဖိအားဖြင့် လုံလောက်သောလေမရရှိပါက လေပေးစက်များ တပ်ဆင်ပြီး လေပေးပန်ကာများ (Ventilation Fan) ဖြင့် လေပိုက်များ စနစ်တကျသွယ်တန်း၍ လေပေး သွင်းပါမည်။
မြေအောက်အလင်းရောင်ရရှိရေးအတွက် လျှပ်စစ်မီးစက်များဖြင့် လုပ်ကွက်များတွင် လျှပ်စစ်မီးသီးများ ထွန်းပေးခြင်း၊ ပင်မလှိုဏ်ဂူများတွင် ပုံသေလျှပ်စစ်မီးပွင့်များ ထွန်းပေးထား ပါမည်။ လျှပ်စစ်ပစ္စည်းများကို ကိုင်တွယ်အသုံးပြုရာတွင် လျှပ်စစ်ကျွမ်းကျင်သူ အသိအမှတ် ပြု လက်မှတ်ရသူများသာ စနစ်တကျတာဝန်ပေး ဆောင်ရွက်စေပါမည်။
အရေးပေါ်အခြေအနေတစ်ခုအတွက် ဆက်သွယ်ဆောင်ရွက်ရမည့် ဌာနများ
- ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့၊
- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (လက်ပံလှ၊ စဉ့်ကူး၊ ပြင်ဦးလွင်)၊
- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (ကျည်တောက်ပေါက်၊ လက်ပံလှ၊ စဉ့်ကူး)၊
- အစိုးရဆေးရုံ/ ဆေးခန်းနှင့် ပုဂ္ဂလိက ဆေးခန်းများ၊
- လူမှုကူညီရေး ပရဟိတအသင်းများ၊
- အမှတ်(၂)သတ္တုတွင်း လုပ်ငန်းရုံးခွဲ၊
- နယ်မြေခံသစ်တောဦးစီးဌာနနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရုံးခွဲ များ၊
- ကုမ္ပဏီရုံးချုပ်၊
- မိတ်ဖက် ကုမ္ပဏီ လုပ်ငန်းရုံးခွဲများ။
မြေအောက်သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အန္တရာယ်ကျရောက်ပါက ဆောင်ရွက်မည့်အစီအစဉ်နှင့် ကြိုတင် ဆောင်ရွက်ထား ရှိမှုများ
မြေအောက်သတ္တုတူးဖော်ရေးလုပ်ငန်းဖြစ်၍ ဘေးအန္တရာယ်ရှိနိုင်သဖြင့် အောက်ဖော်ပြပါ ကြိုတင်ကာကွယ်မှု လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
- ဘေးအန္တရာယ်သတိပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊
- ကျင်းအတွင်း မြေပြိုမှုမရှိစေရန်၊ ဘေးနံရံအကာများ၊ ဒေါက်တိုင်များ၊ အမိုးပြားများ ခိုင်ခန့်မှု ရှိမရှိ နေ့စဉ်စစ်ဆေးခြင်း၊
- လူနှင့် ဗြုန်းအတင်အချ ပြုလုပ်သောပုံး၏ ကြိုးအား ကြံ့ခိုင်မှုနေ့စဉ် စစ်ဆေး ခြင်း၊
- မိုင်းဦးထုပ်၊ ဖိနပ်၊ ဝတ်စုံ၊ လက်အိတ်၊ မြေအောက် မိုင်းသုံးဓာတ်မီးတို့ ဝတ်ဆင်၊ တပ်ဆင်စေပြီးမှ ကျင်းဆင်းစေခြင်း၊
- မိုင်းအတွင်း လေမပြတ်ရန် လေပေးစက်ဖြင့် လုံလောက်စွာ လေမှုတ်သွင်းခြင်း၊
- မိုင်းအတွင်း မီးလောင်မှု မဖြစ်ပေါ်စေရန် ဆေးလိပ်သောက်ခြင်း၊ ဝါယာများ ရှော့မဖြစ် စေရန် စစ်ဆေးခြင်း၊
- မီးလောင်ပါက အလွယ်တကူ ငြိမ်းသတ်နိုင်ရန် မီးသတ်ဆေးဘူး၊ သဲ၊ ရေပုံး၊ ရေပိုက်၊ မီးချိတ်၊ မီးကတ်များ အဆင်သင့်ထားရှိခြင်း။
- ဆိုင်ယာနိုက်ပုံးများအား အက်ဆစ်ပုံးနှင့်အတူ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း မပြုဘဲ သီးခြား သယ်ဆောင်သိုလှောင်ခြင်း၊ သိုလှောင်ရုံတွင် လေဝင်လေထွက် ကောင်းစေခြင်း၊ စားသောက်ခန်း၊ စားဖိုတို့နှင့် ဝေးသည့်နေရာတွင် ထားရှိခြင်း၊ ဆိုင်ယာနိုက်ပုံးများအနီး၌ ဆေးလိပ်သောက်ရန် တားမြစ်ခြင်း၊ ကိုင်ကွယ်အသုံးပြု သည့်အခါ လက်အိတ်၊ ဖိနပ်၊ နှာခေါင်းစီး၊ မျက်လုံးကာနှင့် လုပ်ငန်းခွင် ဝတ်စုံတို့ ဝတ်ဆင်စေခြင်း။
မိုင်းတွင်းပြိုကျခြင်းနှင့် မိုင်းမတော်တဆ ထိခိုက်မိခြင်းအတွက် အရေးပေါ် အခြေအနေတွင် ဆောင်ရွက်မည့် နည်းလမ်းများ
ငလျင်ဒဏ်ကြောင့်သော်လည်းကောင်း၊ အခြားအကြောင်းကြောင်းကြောင့် သော်လည်း ကောင်း၊ တူးဖော်ရေးကျင်းပြိုကျခြင်းများဖြစ်ပေါ်လာပါက တူးဖော်ရေးကျင်းအတွင်း Air Compressor ဖြင့် လေမောင်းထည့်ခြင်း၊ ကုမ္ပဏီရှိလူအင်အားဖြင့် ကျင်းအတွင်းရှိ လုပ်သား များအား အချိန်မီ ကယ်ဆယ် နိုင်ရေး ဆောင်ရွက်ခြင်း၊ ရှေးဦးသူနာပြု နည်းလမ်းများဖြင့် ပြုစု ကုသခြင်း၊ ဌာနဆိုင်ရာသို့ အကြောင်း ကြားပြီး အရေးပေါ်လူနာတင်ယာဉ်နှင့် ဆရာဝန် ကို အမြန်ဆုံးခေါ်ယူခြင်း၊ လူနာများအား ဆေးရုံသို့ အချိန်မီပို့ဆောင်ကုသခြင်း တို့ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယမ်းဖောက်ခွဲခြင်းကြောင့် မတော်တဆထိခိုက်မိသည့် လူနာအား ကုမ္ပဏီရုံးခန်းရှိ ဆေးပစ္စည်းများဖြင့် သွေးထွက်မလွန်စေရန်ဆောင်ရွက်ခြင်း၊ အနီးကပ်ဆုံးရှိဆေးရုံ/ဆေးခန်း သို့ ပို့ဆောင်ကုသ ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ကုမ္ပဏီရုံးခန်းတွင် အရေးပေါ်အခြေအနေအတွက် လိုအပ်မည့်ဆေးဝါးများ လုံလောက်စွာ ထားရှိခြင်း၊ ဌာနဆိုင်ရာ ဖုန်းနံပါတ်များ၊ ဆေးရုံ/ဆေးခန်းဖုန်းနံပါတ်များ၊လူနာတင်ယာဉ် ခေါ်ယူရမည့် ဖုန်းနံပါတ်များ ပြုစုထားရှိခြင်း၊ ၄င်းဖုန်းနံပါတ်များကိုအားလုံး အလွယ်တကူ မြင်နိုင်အောင် စီမံထားရှိခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ရွှေသတ္တုတူးဖော်ရေး ကျင်းအတွင်း ခိုင်ခန့်မှုရှိအောင် သစ်သားဒေါက်တိုင်များ၊ ဝါးများ ထည့်ခြင်း၊ စွန့်ပစ်ကျောက်၊ မြေစာများအား အိတ်သွတ်၍ ဒေါက်ထောက်ခြင်းများ ဆောင်ရွက်စေပါမည်။ ရွှေသတ္တုတူးဖော်ရေးကျင်းအတွင်း လူ(၁၀) ဦးခန့် နံရံကာသစ်များ၊ ဝါးများဖြင့် ပြုလုပ်ထားစေပါမည်။
ရွှေသတ္တုတူးဖော်ရေးကျင်းအတွင်း လေဝင်/လေထွက်ကောင်းစေရန်နှင့် လေများသန့်စင်စေရန်အတွက် လေပိုက်နှင့် Air Compressor လေအိုးများကို နေ့စဉ် စစ်ဆေးကြပ်မတ် ဆောင်ရွက်စေပါမည်။